9 - November - 2015
”ကျန်းမာချင်လား၊ ကော်ဖီသောက်လိုက်” (အပိုင်း ၂)
ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုစေလား ဆိုတဲ့ကိစ္စကို ပြီးခဲ့တဲ့ October လ ဆောင်းပါးမှာ အပိုင်း (၁) အနေနဲ့ စာရေးသူမှ စာဖတ်ပရိသတ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သောက်သုံးသင့်မသင့် စဉ်းစားနိုင်အောင် အချက် (၅) ချက်ကို ဖော်ပြဆွေးနွေးသွားခဲ့ပါတယ်။ ဒီလမှာတော့ ကျန်ရှိသေးတဲ့ အချက် (၅) ချက်ကို ဖော်ပြသွားပါမယ်။
ဒီအချက်တွေကို မဆွေးနွေးခင် ကျန်းမာရေးရှုထောင့် အနေနဲ့ရော အရသာ ကောင်းမွန်ဖို့အတွက်ပါ စာရေးသူ ရည်ညွှန်းမယ့် ကော်ဖီကတော့ လတ်ဆတ်စွာလှော်ထားပြီး အခြားပါဝင်ပစ္စည်း တစ်စုံတစ်ရာ မရောထားတဲ့ သဘာဝကော်ဖီစေ့ (သို့) ကော်ဖီမှုန့်စစ်စစ်ကိုသုံးပြီး ဖျော်စပ်ထားတဲ့ သကြားမပါ (သို့) အချိုရောစပ်မှုနည်းတဲ့ ကော်ဖီကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီလိုကော်ဖီစစ်စစ်ကောင်းကောင်းကို နေ့စဉ်သောက်သုံးပေးရင်တော့ …
(၁) ကော်ဖီသောက်သုံးသူများမှာ အသည်းရောဂါအန္တရာယ်နည်းပါးစေပါတယ်။
အသည်းဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရာပေါင်းများစွာသော လုပ်ငန်းဆောင်တာများ လုပ်ဆောင်စေရန် အရေးကြီးလှတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အရက်သောက်ခြင်း လွန်ကျွန်မှုနဲ့ အချိုများများစားခြင်းတို့ကလည်း အသည်းကို ပျက်စီးယိုယွင်းစေပါတယ်။ အခုခေတ် လူနေမှုအကျင့်နဲ့ အစားအစာများဟာ အရက်သောက်သုံးခြင်းနဲ့ အချိုဓာတ်အစားများခြင်းတို့ ဖြစ်ပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုတွေကတော့ Cirrhosis ခေါ် အသည်းပုံမှန်တစ်ရှူးများမှ ပျက်စီးသွားသော တစ်ရှူးများအဖြစ်သို့ ကူးပြောင်းပြီး အသည်းလုပ်ဆောင်မှု ဆုံးရှုံးသည်အထိ ပြောင်းလဲသွားသော ရောဂါကို ဖြစ်စေပါတယ်။
ကော်ဖီကို တစ်နေ့ပုံမှန် (၄) ခွက်နှင့်အထက် သောက်သုံးသူများမှာတော့ ဒီအန္တရာယ်ပျက်စီးဆုံးရှုံးမှု (၈ဝ)% အထိ လျော့ကျစေကြောင်း သုတေသနတွေ့ရှိချက်များမှာ မြင်တွေ့နိုင်ပါပြီ။ အချုပ်အနေနဲ့ပြောရင် ကော်ဖီသောက်သုံးခြင်းသည် အသည်းကို ပျက်စီးစေသော Virrhosis နှင့် အခြားရောဂါများကို လျော့ကျစေခြင်းကြောင့် အသည်းရောဂါအန္တရာယ်ဖြစ်မှုကို လျှော့ချပေးပါတယ်။
(၂) ကော်ဖီသည် စိတ်ဓာတ်ကျရောဂါကို တိုက်ဖျက်ပြီး လူကို ပျော်ရွှင်စေသော အာနိသင်ပေးပါသည်။
စိတ်ကျရောဂါဟာ ယနေ့ခေတ်မှာ အဖြစ်များတဲ့ စိတ် ဝေဒနာတစ်မျိုးဖြစ်ပြီး လူ့ဘဝအရည်အသွေးကို ကျဆင်း စေပါတယ်။ ကမ္ဘာကျော် Harvard တက္ကသိုလ် မှ ၂ဝ၁၁ ခုနှစ် ထုတ်ဝေတဲ့ လေ့လာတွေ့ရှိချက်မှာတော့ တစ်နေ့ကို ကော်ဖီ (၄) ခွက်နဲ့အထက် သောက်သုံးသူ အမျိုးသမီးများမှာ စိတ်ကျရောဂါဖြစ်မှုကို ၂ဝ% လျော့ကျစေပါတယ်။
နောက်ထပ် လေ့လာတွေ့ရှိချက်တစ်ခုကတော့ လူပေါင်း နှစ်သိန်းရှစ်ထောင်ကျော်ကို လေ့လာခဲ့ပြီး ကော်ဖီကို တစ်နေ့ (၄) ခွက်နဲ့အထက် သောက်သုံးသူများမှာတော့ Suicide ခေါ် မိမိကိုယ်ကို သတ်သေမှု ၅၃ % လျော့ကျစေကြောင်း တွေ့ရှိခဲ့ပါတယ်။
(၃) ကော်ဖီသောက်သုံးသူများမှာ ကင်ဆာရောဂါဖြစ်နိုင်မှု အန္တရာယ်လျော့နည်းစေပါတယ်။
ကမ္ဘာပေါ်မှာ သေဆုံးမှုအဖြစ်များဆုံး ရောဂါတွေထဲမှာ ကင်ဆာရောဂါဟာ ထိပ်တန်းပြေးနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကင်ဆာရောဂါကြောင့် သေဆုံးမှုများထဲမှ ကမ္ဘာ့နံပါတ် (၃) အဖြစ်များဆုံးသော Liver Cancer ခေါ် အသည်းကင်ဆာရောဂါနှင့် ကမ္ဘာ့နံပါတ် (၄) အဖြစ်များဆုံးသော Colon Cancer ခေါ် အူမကြီးကင်ဆာရောဂါတို့ကို ကာကွယ်ပေးပါတယ်။
လေ့လာတွေ့ရှိချက်များအရ ကော်ဖီပုံမှန်သောက်သုံးခြင်းက အသည်းကင်ဆာ ဖြစ်နိုင်မှုကို ၄ဝ% လျှော့ချပေးပါတယ်။။
ဒါ့အပြင် လူပေါင်း (၄၉ဝ,ဝဝဝ) နီးပါကို လေ့လာထားချက်အရ တစ်နေ့ကို ကော်ဖီ (၄) ခွက်မှ (၅) ခွက်အထိ သောက်သုံးသူများမှာတော့ အူမကြီးကင်ဆာဖြစ်နိုင်မှုကို ၁၅ % အထိ လျော့ကျစေပါတယ်။
(၄) ကော်ဖီသည် Parkinson’s ခေါ် ပါကင်စန်ရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေပါသည်။
Parkinson’s ခေါ် ပါကင်စန်ရောဂါကတော့ ပြီးခဲ့တဲ့လ ဆောင်းပါးမှာ ဖော်ပြပြီးသား အယ်လ်ဆိုင်းမားရောဂါပြီးရင် အာရုံကြောများ ယိုယွင်းပျက်စီးမှုရောဂါထဲမှာ ဒုတိယအဖြစ်အများဆုံးပါပဲ။ ဒီရောဂါဖြစ်ပွားမှု အကြောင်းအရင်းကတော့ ဦးနှောက်တွင်း ကိုယ်ခန္ဓာအစိတ်အပိုင်းများကို သတင်းပို့ ချိတ်ဆက်ပေးတဲ့ Dapamine ခေါ် ဆဲလ်ကလပ်စည်းများ ယိုယွင်းပျက်စီးမှုကြောင့် ဖြစ်ပါတယ်။
အယ်လ်ဆိုင်းမားရောဂါကဲ့သို့ပင် ပါကင်စန်ရောဂါတွင် ကုသရာဆေးမရှိပါ။ ဒါကြောင့် ဒီရောဂါကို မဖြစ်လာနိုင်အောင် ကြိုတင်ကာကွယ်နိုင်မှုက အရေးကြီးပါတယ်။ သုတေသန လေ့လာတွေ့ရှိချက်များအရ ကော်ဖီသောက်သူများမှာတော့ ဒီပါကင်စန်ရောဂါ ဖြစ်ပွားနိုင်မှုအန္တရာယ် ၃၂ % မှ ၆ဝ % အထိ လျော့ကျမှုရှိပါတယ်။ နောက်တစ်ခုကတော့ ကဖိန်းဓာတ်ထုတ်ပြီးသား Decaf ကော်ဖီသောက်သုံးသူများမှာ ဒီလိုအကျိုးအမြတ် မခံစားရကြောင်း တွေ့ရှိတာကြောင့် ကော်ဖီအမှန်သောက်သူများမှာတော့ ပါကင်စန်ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ်အမှန်တကယ် လျော့ပါးစေနိုင်ကြောင့် သက်သေပြနေပါတယ်။
(၅) ကော်ဖီသောက်သုံးသူများသည် အသက်ပိုရှည်၏။
အခုဆိုရင် ကော်ဖီသောက်သုံးခြင်းဖြင့် အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါအတော်များများနှင့် Suicide ခေါ် မိမိကိုယ်ကို သတ်သေမှုများ လျော့ကျစေတာတွေ့ရှိနိုင်တာကြောင့် ကော်ဖီဟာ လူ့အသက်ရှည်စေကြောင်း ပေါ်လွင်နေပါပြီ။
နာမည်ကျော် New England Journal of Medicine စာအုပ်တွင် ၂ဝ၁၂ ခုနှစ် ဖော်ပြချက်အရ အသက် (၅ဝ) မှ (၇၁) နှစ်အရွယ်ရှိ လူပေါင်း (၄ဝ၂,ဝဝဝ) ကျော်ကို (၁၂) မှ (၁၃) နှစ်အတွင်း လေ့လာခဲ့ရာ ကော်ဖီတစ်နေ့ (၄) ခွက်မှ (၅) ခွက်အထိ သောက်သုံးသူများတွင် အသက်ဆုံးရှုံးမှု အန္တရာယ်လျော့ကျနှုန်းမှာ အမျိုးသားများတွင် ၁၂ % ဖြစ်ပြီး အမျိုးသမီးများတွင် ၁၆ % ထိ အကျိုးသက်ရောက်မှုရှိစေကြောင်း တွေ့ရှိရပါ တယ်။
အခုလောက်ဆိုရင်တော့ စာဖတ်ပရိသတ်အနေနဲ့ ကော်ဖီသောက်ခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို တွေ့ မြင်နိုင်ပါပြီ။ ဒါပေမဲ့ သောက်သုံးတဲ့နေရာမှာ အကျိုးကျေးဇူးအကောင်းဆုံး ရရှိနိုင်ဖို့ ကော်ဖီသောက်ပုံသောက်နည်း မှန်ကန်ရန်တော့ အရေးကြီးလှပါတယ်။ အရေးကြီးဆုံးကတော့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အခြားပါဝင်ပစ္စည်းများကို ကိုယ်သောက်တဲ့ ကော်ဖီထဲ မထည့်ဖို့ပါပဲ။ ဥပမာ – အချိုဓာတ် လွန်ကဲခြင်း၊ သကြားများများ ထည့်သောက်ခြင်း၊ သဘာဝနည်းအရမဟုတ်သော ဓာတုပစ္စည်းများနှင့် ဖော်စပ်ထားတဲ့ Creamer ခေါ် နို့မှုန့်များ၊ အနံ့အရသာဖြည့်စွက်ပစ္စည်းများနဲ့ မဖျော်စပ်ဘဲ လတ်ဆတ်စွာလှော်ထားတဲ့ သဘာဝအနံ့အရသာနဲ့ ပြည့်စုံတဲ့ ကော်ဖီစေ့ (သို့) ကော်ဖီမှုန့် ကိုပဲ သုံးကြပါ။ အနံ့အရသာကောင်းလည်း ခံစားပြီး ကျန်းမာအသက်ရှည်စေရန်အတွက် ကော်ဖီကောင်းကောင်းကို နည်းမှန်လမ်းမှန်နှင့် နေ့တိုင်း သင့်တင့်တဲ့ ခွက်ရေပမာဏဖြင့် သောက်သုံးကြပါလို့ စာရေးသူမှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ “Have a Great Coffee Day!” စာဖတ်ပရိသတ်ကြီးရေ။
ကိုဇော်ဘုန်း
Head of Coffee Academy, International Barista Competitions Judge, Latte Artist.
☺ ကော်ဖီသင်တန်းကျောင်းနေရာ ☺
Element Coffee Academy (ECA) & Training Center.
Facebook.com/elementMyanmar
Facebook.com/ElementCoffeeAcademy
၁၀၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။ Ph : 01 524935